တရားသိမ်း ပေါင်းချုပ်
-----------------------------
လိုအပ်တဲ့ညီတော်
နောင်တော်တို့
အတွက်ပါဘုရား..။
တရားသိမ်း(၁)
မေတ္တာအာသီသဂါထာ+အနက်
-----------------------
ဒေသိတော မေ အယံဓမ္မော!
ဗုဒ္ဓေနာဟစ္စဘာသိတော။
တေန သဗ္ဗေ သုခါယန္တု!
ဇနာ ဣဋ္ဌသမင်္ဂိနော။
ဗုဒ္ဓေန- အရဟံတစ်ဆူ သယမ္ဘူဂိုဏ်း တုနှိုင်းမမြင် ဂေါတမဘုရားရှင်သည်။
အာဟစ္စဘာသိတော-
ဋ္ဌာန်ကရိုဏ်းပယတ် ပြတ်ပြတ်
သားသား ထိခိုက် ရွတ်ဆို၍
ဟောကြားတော်မူအပ်သော။
အယံဓမ္မော- ဤအသဒိသ ဓမ္မဒေသနာအဖြာဖြာကို။
မေ-မယာ= ခန္ဓာပဉ္စက သမူဟခေါ်
ဘုရားတပည့်တော်သည်။
ဒေသိတော- သိစေ မှတ်စေ ကျင့်စေ
ဤအနေဖြင့် ကောင်းစွာမသွေ
ဟောကြားအပ်ပါပေပြီ။
တေန- ထိုသို့ဆည်းပူး ဓမ္မဒါန
ကုသိုလ်ထူးကြောင့်။
သဗ္ဗေ- ကြွင်းမဲ့ဥဿုံ ခပ်သိမ်းကုန်သော။
ဇနာ- တရားနာပရိတ်သတ်နှင့်တကွ
သတ္တဝါဟူ နတ်လူဗြဟ္မာ ပေါင်းများစွာ
တို့သည်။
ဣဋ္ဌသမင်္ဂိနော- မိမိတို့ အလိုရှိအပ်သမျှ
ဣဋ္ဌ အထွေထွေ ကျက်သရေမင်္ဂလာ
အမျိုးမျိုးနဲ့ ပြည့်စုံကြကုန်သည်ဖြစ်၍။
သုခါယန္တု- ယနေ့ကစ နိဗ္ဗာန်ရသည့်
ဘဝတိုင်အောင် စိတ်ရွှင်လန်း၍
ချမ်းချမ်းသာသာ ရှိတော်မူကြ
ပါစေကုန်သတည်း။
-----------
တရားသိမ်း (၂)
သပ္ပုရိသာ သုခါယန္တု၊
သီတာယန္တု ဘယာရကာ ။
သုတွာန ဒေသိတံဓမ္မံ
ပဋိပဇ္ဇန္တု ယောနိသော ။
သပ္ပုရိသာ=သာသနာ့ဥယျာဉ်
လွန်စည်ပင်ဖို့ ကြည်ရွှင်ဝမ်းမြောက်
လှူဒါန်းထောက်ပင့် စွမ်းအားမြှင့်ကာ
တင့်တယ်စေကြောင်း သူတော်ကောင်း
အပေါင်းတို့သည် ။
သုခါယန္တု = ယနေ့ကစ နိဗ္ဗာန်ရသည်
ဘဝတိုင်အောင် လောကီမင်္ဂလာ
လောကုတ္တရာမင်္ဂလာနှစ်ဖြာတိုးပွား
အကျိုးများလျက် ချမ်းသာကြ
ပါစေကုန်သတည်း ။
ဘယာရကာ ၊ ဘေးရန်ကင်းကွာ
အနာမရှိ ဒဏ်မရှိကြကုန်ဘဲ ။
သီတာယန္တု = ကြံစည်တိုင်းပေါက်
ဆောင်တိုင်းမြောက်၍ ဝမ်းမြောက်
ချမ်းသာနိုင်ကြပါ စေကုန်သတည်း။
ဒေသိတံ = ဘုရားတပည့်
တရားမွေ့သဖြင့် ယနေ့
ဟောကြားအပ်သော။
ဓမ္မံ = ကျင့်စရာကြံစရာ ရှောင်စရာ
ဆောင်စရာ နှစ်ဖြာပါတောင်း
တရားကောင်းကို။
သုတွာန = ဆည်းပူးလေ့ကျက် နှစ်သက် လိုလား နာကြားကြကုန်ပြီးသည်ဖြစ်၍ ။
ယောနိသော = သမ္ပဇဉ်သတိ
ဥာဏ်အမြင်ရှိသဖြင့်(ဝါ)ကောင်းသော
နှလုံးသွင်း စိတ်ထားဖြူစင်ခြင်းဖြင့်။
ပဋိပဇ္ဇန္တု = သာသနာကြုံခိုက်
လူဖြစ်ခိုက်မှာ မဂ်ဆိုက်ဖိုလ်ဝင်
နိဗ္ဗာန်မြင်အောင် အစဉ်ကြိုးကုတ်
အားထုတ်နိုင်ကြပါစေကုန်သတည်း။
`တရားသိမ်း (၃)
*************
ဗောဓိယာ ပစ္စယော ဟောတု၊
ဣဒံနော ပုညမင်္ဂလံ။
ပုညဘာဂံ သုလဘန္တု ၊
ပမောဒန္တု သဒေဝကာ။
နော အမှာကံ= မြင့်မြတ်သာကြည်
ပါရမီရင့်ကျူး ဇာနည်ထူး သူတော်စင်
ကုသိုလ်ရှင် အကျွန်ုပ်တို့၏၊
ဣဒံပုညမင်္ဂလံ=ဗုဒ္ဓဟောကြား
တရားဒေသနာ မြတ်သြဝါကို
နာခံမှတ်သား ပြန်ဟောကြား၍
ပွားများကျင့်ကြံ အဖန်ဖန်ကြိုးကုတ်
အားထုတ်ရသည့်ဤကုသိုလ်ပုည
မင်္ဂလာသည်၊
ဗောဓိယာ=သစ္စာလေးအင် ခိုင်သဇင်ကို ပြိုယှဉ်ဆွတ်ခူး ထွတ်ဖူးရင့်သံဗောဓိ
ဉာဏ်၏၊
ပစ္စယော=ဥပနိဿယ အမှီရ၍
မုခ် ရကြောင်း ကောင်းမြတ်သော
အကြောင်းအထောက်အပံ့ကောင်းသည်၊
ဟောတု=စင်စစ်မသွေဖြစ်ပါစေသတည်း။
ဣဒံပုညဘာဂဉ္စ=ဗုဒ္ဓဟောကြား တရား
ဒေသနာ မြတ်သြဝါကို နာခံမှတ်သား
ပြန်ဟောကြား၍ ပွားများကျင့်ကြံ
အဖန်ဖန်ကြိုးကုတ် အားထုတ်ရသည့် ဤကုသိုလ်မင်္ဂလာ၏အဖို့ဘာဂကိုလည်း၊
သဒေဝတာ=ကမ္ဘာမှာနေသမျှ ဝေနေယျ
များစွာသတ္တဝါမှန်သမျှ အနန္တတို့သည်၊
သုလဘန္တု=ရွှင်လန်းကြည်မြေ့ ဝါဂွမ်းပုံ
ဆီထိတွေ့သကဲ့သို့ပီတိငွေ့စိတ်မှာ ထုံ
လျက် ဣဋ္ဌာရုံအတွေ့ထူးလို့မို့ကြည်နူး
ကိုယ်ပိုင်ရယူနိုင်ကြပါစေကုန်သတည်း။
သုလဒ္ဓါ=ကိုယ်စီကိုယ်စီ အလိုညီ၍
ကြည်သာရွှင်ပြုံး အားလုံးမျှအတူ
အရယူကြကုန်ပြီး၍၊
ပမောဒန္တု=ကိုယ်စိတ်နှစ်ဖြာလိုဣစ္ဆာဖြင့်
ပြည့်ကာကြွယ်မောက် ဝမ်းမြောက်
နိုင်ကြပါစေကုန်သတည်း။
ပမောဒန္တု=လူ့ပြည်တွင်မက
နတ်ပြည်ပါဆက်သွယ်လျက်
အထက်နယ်ဗြဟ္မာချဉ်းလို့မို့
ဖြာသတင်း ကမ္ဘာတုန်အောင်
သဒ္ဓါဟုန် လျှမ်းလျှမ်းတောက်ပြီးလျှင်
ဝမ်းမြောက်ဝမ်းသာ ပတ္ထနာအောင်ဆု
အခါခါပြုလျှက် သာဓုသံအောင်နိမိတ်
တို့ဖြင့် အောင်ဘိသိတ်သွန်းလောင်းနိုင်
ကြပါစေကုန်သတည်း။ ။
---------------
တရားသိမ်း(၄)
အတိုလေး(၂) ပုဒ်
------------
ဒေသိတံ လောကနာထေန၊
သုဏိတွာ ဒါန ဒေသနံ။
အဘိနန္ဒန စိတ္တေန၊
"သာဓု သာဓူ"တိ ဘာသထ။
ဘောန္တော=တရားတော်နာ ညီညာဖြဖြ
လာရောက်ကြတဲ့-အို--ဒါယကာ ဒါယိကာမတို့။
တုမှေ=ဓမ္မသဘင် တရားနာဝင်ကြသည့်
သင် ဒါယကာ ဒါယိကာမ
အပေါင်းတို့သည်။
လောကနာထေန=သတ္တလောက၏ အားထားမှီတွယ် ကိုးကွယ်ရာအစစ် ဖြစ်ကြီးဖြစ်တော်မူသော
ဘုရားရှင်သည်။
ဒေသိတံ=စည်းကမ်းကျန နည်းလမ်းချ၍
ဟောပြတော်မူအပ်သော။
ဒါနဒေသနံ=ကမ္မနိယာမ သဘာဝပြ
ဒါနဒေသနာတော်ကို။
သုဏိတွာ=ယုံကြည်လေးစား
မှတ်မိသွားအောင် နာကြားပြီး၍။
အဘိနန္ဒနစိတ္တေန=ရွှင်လန်းအားတက် အလွန်နှစ်သက်သော စိတ်ဖြင့်။
သာဓု သာဓူတိ=ကောင်းလေစွ ကောင်းလေစွဟူ၍။
ဘာသထ=သာယာချိုမြ နှုတ်မြွက်ဟ၍
ဆိုလိုက်ကြပါကုန်လော့။
-----------
ဒါန ဗုဒ္ဓေန ကထိတံ၊
ဒေသနံ သုတိဒုလ္လဘံ။
သက္ကစ္စံယေဝ သုတြာန၊
"သာဓု သာဓူ"တိ ဘာသထ။
ဘော=သဒ္ဓမ္မဿဝန ဒုလ္လဘနှင့် ကြုံရခုခါ
ကံထူးသာသည့် အို---ဒါယကာ ဒါယိကာမတို့။
တုမှေ=သုံးလူ့ချစ်ရှင် တရားမင်သည့်
သင်တို့သည်။
ဒါနဗုဒ္ဓေန=ဒါနအမျိုးအစား အကျိုးများကို ပိုင်းခြားသိမြင်
ဘုရားရှင်သည်။
ကထိတံ=ဝေနေယျများ ချမ်းသာပွားဖို့
ဟောကြားတော်မူအပ်သော။
သုတိဒုလ္လဘံ=ကမ္ဘာအသင်္ချေ လွန်လေကြာလည်း
ကြုံလာမှုနည်း ကြားနာရခဲသော။
ဒေသနံ=ဘောဇဉ်(ဒါန သီလ ဘာဝနာ)
အနုမောဒနာ တရားဒေသနာတော်ကို။
သက္ကစ္စံယေဝ=ဝဋ်လွတ်ဖို့ရာ ဒေသနာဟု
သဒ္ဓါစိတ်ထား ဂါရဝတရားဖြင့် လေးစား
ရိုသေစွာသာလျှင်။
သုတွာန=မှတ်မှတ်သားသား နာကြားပြီး၍။
သာဓု သာဓူတိ=ဗုဒ္ဓမြတ်စွာ သာသနာနှင့်
တို့မှာကြုံရ ကောင်းပါလေစွ
ကောင်းလေစွဟူ၍။
ဘာသထ=သာယာချိုမြ သုံးကြိမ်
ကျအောင် နှုတ်မြွက်ဟ၍
ဆိုလိုက်ကြကုန်လော့။
(သာဓု---သာဓု---သာဓု)
မြင်းခြံတရားစာပေါင်းချုပ်မှ ကူးယူ
ဖော်ပြ ဓမ္မဒါန ဝေမျှပါသည်။
------------
တရားသိမ်း (၅)
-----------------------
ပုညံ မေ သမ္ဘတံတေန၊
ဇနာ ပုဏ္ဏံ မနောရထာ။
သုခိတာ မုဒိတာ ဟောန္တု၊
စိရံ ဇီဝန္တု နာမယာ။
မေ-မယာ="သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ"
ပါဠိဓမ္မပဒ၊စာရှိအရဖြင့်၊ဒါနတို့တွင်
အထွတ်ဆုံးပင်ဟု၊မြှော်မြင်သိရ၊
တရားတွေပြ၊အခြေလှတီထွင် ဒေသကဤအရှင်သည်။
ပုညံ=တရားမေတ္တာ ကရုဏာဖြင့် ရှုကာဟောရ ဓမ္မဒေသနာ
သညာဂုဏ်ပြ မြတ်ပုညကို။
သမ္ဘတံ=ဘုရားမြတ်စွာ ဒေသနာကို ဟောကာပြသ ကဿပထေရ်မဟာ
စေတနာသို့ ဖြူစွာစိတ်ထားဟော
ကြား မလပ် ဆည်းပူးအပ်ပါပေပြီ။
တေန=ယနေ့ယခု ဟောကြားခဲ့ရ ထိုကုသလကြောင့်။
ဇနာ=တရားဘက်တွင် သက်ဝင်
ကျက်စား စိတ်ထားလှပ ဓမ္မမာမက
သပ္ပုရိသအပေါင်း သူတော်ကောင်း
တို့သည်။
ပုဏ္ဏံ=မနောရထာ=ကုသိုလ်ပညာ ဥစ္စာရရေးမျှော်တွေးဓိဋ္ဌာန် စိတ်ကြံ
သမျှ ဆန္ဒလုံးစုံ ပြီးမြောက်ကုန်
လျှက်။
သုခိတာစ=သတိပညာ ဥစ္စာတိုးပွား တရားရကာ သာယာလွန်ကဲ ကိုယ်လည်းချမ်းသာ စိတ်ချမ်းသာ
လျှက် လွန်စွာရွှင်ပြ ချမ်းသာကြ
ကုန်သည်လည်းကောင်း။
မုဒိတာစ=တရားဥစ္စာ ပညာပြည့်လျက် ပီတိတစ်ဝ ပါမောဇ္ဇဟု ရသလွှမ်းခြုံ ဝမ်းသာပျော်ရွှင်ကြကုန်သည်
လည်းကောင်း။
ဟောန္တု=ပျော်ဖွယ်ရာထင် ရွှင်ဖွယ်
ရာခေတ် အသစ်အသစ်ကြုံ ဖြစ်ပါစေကုန်သတည်း။
မနာမယာ=ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ စင်ကာကင်းပ
အရောဂျဟု ပရမလာဘ လွှမ်းလာ
အရ ကျန်းမာကြကုန်သည်ဖြစ်၍။
စိရံ=ဇီဝန္တု=သာသနာကျိုး လောကကျိုးကို သည်ပိုးနိုင်လျက်
မပျက်အတည် အသက်ရှည်ကြ
ပါစေကုန်သတည်း။
( ဓမ္မကထိကတစ်ပါးရေးသည်။
ဟောကွက်ပြောကွက် နာရီဝက်
တရားတော်များ စာအုပ်မှကူးယူ
ဖော်ပြ ဓမ္မဒါန ဝေငှပါသည်။)
Credit>အရှင်ကေသရ ပဲနွယ်ကုန်း
------------
တရားသိမ်း (၆)
===========
သီတဂူဆရာတော်ကြီး၏
တရားသိမ်းဂါထာ ။
==================
*တရားသိမ်းနိဂုံးဂါထာ*
သဥှိတံ မေ မဟာပုညံ၊
ဓမ္မဒေသက သဥှိတံ။
တေန သဗ္ဗေ သုခါယန္တု၊
ဇနာ ဣဋ္ဌသမင်္ဂိနော။
မေ မယာ၊ဒေသကဖြစ်သော တရားဟောဆရာ ငါသည်။
ဓမ္မဒေသက သဥှိတံ၊ 'ဘဝတန်ဖိုး တရားတော်' ဟု အမည်တပ်ကာ ဟောကြားအပ်တဲ့ ဓမ္မကထာ တရားဒေသနာတော်နှင့် စပ်ယှဉ်သော။ ယံမဟာပုညံ၊ အကြင်ဓမ္မဒါန တရားအလှူတည်းဟူသော ဘာဝနာမယပုညတြိယ ကုသိုလ်ထူးကို။ သဥှိတံ၊တရားလိုလားကြတဲ့အမျိုးကောင်းသား အမျိုးကောင်းသမီးများအတွက် ကြိုးစား၍ ဆည်းပူးလိုက်ရပါပေပြီ။
တုမှေဟိပိ၊တရားချစ်ခင်စိတ်ကောင်းဝင်
ကြကုန်သောသင်သူတော်စင်ပရိသတ်
အပေါင်းတို့မှာလည်းပဲ။ ယံ မဟာပုညံ၊ အကြင် ဓမ္မဿဝန တရားနာကြား ရခြင်းတည်းဟူသော ဘာဝနာမယ ပုညတြိယကုသိုလ်ထူးကို။
သဥှိတံ၊ ကောင်းစွာ မသွေ ဆည်းပူးမိကြပါပေပြီ။
တေန၊ ထိုသို့ဆည်းပူး ဓမ္မဒါန ဓမ္မဿဝန ဘာဝနာမယပုညကြိယာကုသိုလ်ထူးကြောင့်။ သဗ္ဗေ၊ လူအရပ်ရပ် နတ်အဖြာဖြာ ဗြဟ္မာမကြွင်းခပင်းဥဿုံအလုံးစုံကုန်
သော။ ဇနာ၊ တရားနာပရိသတ်နှင့်တကွ သတ္တဝါဟူနတ်လူဗြဟ္မာပေါင်းများစွာ
တို့သည်။ ဣဋ္ဌသမင်္ဂိနော၊ မိမိတို့လိုလား တောင့်တအပ်သော ဣဋ္ဌအထွေထွေ ကျက်သရေမင်္ဂလာပေါင်းများစွာတို့နှင့်
ပြည့်စုံကြကုန်သည်ဖြစ်၍။ သုခါယန္တု၊ ယနေ့ကစနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်
စိတ်ရွှင်လန်း၍ကျန်းကျန်းမာမာချမ်းချမ်းသာသာရှိတော်မူကြပါစေကုန်သတည်း။
---------
တရားသိမ်း
(ရှေ့က ပါခဲ့ပြီ)
~~~~~
သပ္ပုရိသာ သုခါယန္တု၊
သီတာယန္တု ဘယာရကာ။
သုတွာန ဒေသိတံ ဓမ္မံ၊
ပဋိပဇ္ဇန္တု ယောနိသော ။
သပ္ပုရိသာ=
သာသနာ့ဥယျာဉ် လွန်စည်ပင်ဖို့ ကြည်ရွှင်ဝမ်းမြောက်လှူဒါန်းထောက်ပင့် စွမ်းအားမြှင့်ကာ တင့်တယ်စေကြောင်း
သူတော်ကောင်းအပေါင်းတို့သည် ။
သုခါယန္တု=
ယနေ့ကစ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် လောကီမင်္ဂလာ လောကုတ္တရာမင်္ဂလာ
နှစ်ဖြာတိုးပွား အကျိုးများလျက် ချမ်းသာကြပါစေကုန်သတည်း ။
ဘယာရကာ =
ဘေးရန်ကင်းကွာ
အနာမရှိ ဒဏ်မရှိကြကုန်ဘဲ ။
သီတာယန္တု =
ကြံစည်တိုင်းပေါက် ဆောင်တိုင်းမြောက်၍
ဝမ်းမြောက်ကြည်လင်
အေးမြကြပါစေကုန်သတည်း။
ဒေသိတံ =
ဘုရားတပည့်
တရားမွေ့သဖြင့်
ယနေ့ ဟောကြားအပ်သော။
ဓမ္မံ =
ကျင့်စရာ ကြံစရာ ရှောင်စရာ ဆောင်စရာ နှစ်ဖြာပါကြောင်း တရားကောင်းကို။
သုတွာန =
ဆည်းပူးလေ့ကျက် နှစ်သက်လိုလား
နာယူမှတ်သားကြကုန်ပြီးသည်ဖြစ်၍ ။
ယောနိသော =
သမ္ပဇဉ်သတိ ဥာဏ်အမြင်ရှိသဖြင့်
( ဝါ)ကောင်းစွာနှလုံးသွင်း
စိတ်ထားဖြူစင်ခြင်းဖြင့်။
ပဋိပဇ္ဇန္တု =
သာသနာကြုံခိုက် လူဖြစ်ခိုက်မှာ
မဂ်ဆိုက်ဖိုလ်ဝင် နိဗ္ဗာန်မြင်အောင် အစဉ်ကြိုးကုန် အားထုတ်နိုင်ကြ
ပါစေကုန်သတည်း။
***********
“မေတ္တာပို့”
--------------
(သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ) ×၂
(မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ) × ၂
(သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ) × ၂
“ဖုလ္လန္တာ သုခပင်္ကဇာ၊
မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ။
မနောသရသိ သဗ္ဗေသံ၊
ပ၀ါယန္တု သုဂန္ဓကာ။”
မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ - စုပေါင်းပို့အပ်၊ မေတ္တာဓာတ်ဟု၊ရောင်မြူပ၀င်း၊ ငွေလမင်းနှင့်၊ ရောင်ချင်းယှက်ရုံ၊
ပေါင်းစုရခြင်းကြောင့်။
သဗ္ဗေသံ - ကြွင်းမဲ့ဥဿုံ၊ လုံးစုံများစွာ၊ သတ္တဝါတို့၏။
မနောသရသိ - မြင့်မြတ်ဖြူစင်၊ အေးကြည်လင်သည့်၊
ရေစင်ပြည့်တင်း၊ စိတ်နှလုံးတည်းဟူသော ရေအိုင်ကြီးအတွင်း၌။
သုခပင်္ကဇာ - အစဉ်ထာဝရ၊ အေးမြကြည်သာ၊
သာယာပွင့်လန်း၊ ချမ်းသာသုခတည်းဟူသော ကုမုဒြာကြာပန်းတို့သည်၊
ဖုလ္လန္တာ - ၀မ်းသာရွှင်မြူး၊ ၀တ်မှုံလူးလျက်၊
ကြည်နူးဖွယ်ကြုံ၊ ဖူးပွင့်ကြကုန်သည်ဖြစ်၍။
သုဂန္ဓကာ - လေအောက်လေထက်၊ ရောယှက်သင်းပျံ့၊
ပီတိတည်းဟူသော ရနံ့တို့သည်။
ပ၀ါယန္တု - ကောင်းစွာမသွေ ကြိုင်လှိုင်၍ နေကြပါစေကုန်သတည်း။
-(ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)
မူရင်းများအား
Credit ပေးသည်။
----------
ဘုန်းသကျ
ရှာဖွေစုစည်း
ပြန်လည်မျှဝေ
ဓမ္မဒါနပြုသည်။
12.3.2020
Credit

Comments
Post a Comment